အိပ်ချိန်ပြည့်ပေမယ့် အိပ်ရေးမဝတဲ့ပြဿနာ
အိပ်ချိန်နဲ့ပတ်သက်လာရင် တစ်ရက်ကို ညအိပ်ချိန် ၇-၈ နာရီရှိမှ အိပ်ရေးဝတယ်လို့ ဆရာဝန်တွေ မကြာခဏပြောကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင် ကိုယ်အိပ်တဲ့အချိန်ကျမှ အိပ်ချိန်ပြည့်ပါလျက်နဲ့ အိပ်ရေးမဝသလို ဖြစ်နေတာလဲ၊ ညဘက်မှာ အိပ်ချိန်အပြည့်အဝယူပြီး မနက်အိပ်ရာနိုးတော့မှ ခေါင်းမကြည်သလို စိတ်မကြည်သလို ဖြစ်နေတာ ဘာလို့လဲ။
ဒီပြဿနာရဲ့ အကြောင်းရင်းတွေကို သေချာပြန်ကြည့်မယ်ဆိုရင်
၁။ ညအိပ်ချိန် ပုံသေမရှိတာ
ကိုယ်က အိပ်ချင်တဲ့အချိန် အိပ်ပြီး၊ ထချင်တဲ့အချိန်ကို ထတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ခန္ဓာကိုယ်က အသားကျပြီး ကျင့်သားရတဲ့ အိပ်ချိန်တစ်ခုမှ မရှိသေးတာကြောင့် အိပ်စက်မှုကနေ ခန္ဓာကိုယ်အတွက် သိပ်ပြီးအကျိုးဖြစ်တာကို မခံစားမိတာဖြစ်နိုင်ပါတယ်။
၂။ ညကိုနောက်ကျမှ အိပ်တာ
တစ်ရက်ကို ညအိပ်ချိန် ၇ နာရီရှိရင် ပြီးရောဆိုပြီး အိပ်ချင်တဲ့အချိန်မှ ထပြီးအိပ်ချလိုက်လို့လည်း အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့ခန္ဓာကိုယ်ဟာ ညသန်းခေါင် ၁-၂ နာရီအချိန်မှာ ကိုယ်အတွင်းက ဆဲလ်တွေကို ပြုပြင်ပေးဖို့ လုပ်ဆောင်ရပါတယ်။ အဲဒီအချိန်မှာ ကိုယ်ဟာ မအိပ်ဘဲထနေတဲ့အခါ ခန္ဓာကိုယ်က သူ့ရဲ့လုပ်ငန်းဆောင်တာတွေ လုပ်ဖို့နှောင့်နှေးရတဲ့အတွက် ကမောက်ကမဖြစ်သွားတတ်ပါတယ်။
၃။ ကဖင်းဓာတ်များ သောက်သုံးလို့
အိပ်ချိန်နဲ့ နီးကပ်ပြီး ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်လိုက်တယ်ဆိုရင် သူ့ထဲမှာပါတဲ့ ကဖင်းဓာတ်ကြောင့် ဦးနှောက်က ပုံမှန်လူနိုးချိန်အပြင် လူအိပ်တဲ့အချိန်မှာအပါ လန်းဆန်းတက်ကြွပြီး အလုပ်လုပ်နေရတာကြောင့် မနက်နိုးလာတဲ့အခါ ဦးနှောက်က ပင်ပန်းနွမ်းနယ်နေတဲ့အတွက် စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး ရုပ်ခန္ဓာပါညောင်းကိုက်လာသလို ခံစားရတာပါ။
၄။ အိပ်ချိန်နဲ့ ကပ်ပြီး အစာစားခြင်း
ည ၈ နာရီနောက်ပိုင်း အမာစာတွေ အများကြီးစားလိုက်တဲ့အခါ တစ်နေကုန် အလုပ်လုပ်ထားရတဲ့ အစာအိမ်က အနားယူရမယ့်အချိန်မှာ ထပ်စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ဖို့ အလုပ်လုပ်ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ဟာ အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာလုပ်ကိုင်မှု အလွန်နှောင့်နှေးနေတာကြောင့် ဗိုက်ထဲအစာတွေ ကျန်နေပြီး လူက မနက်နိုးလာတော့ မအီမသာဖြစ်လာနိုင်ပါတယ်။
၅။ အိပ်ကာနီး ဖုန်း၊ တီဗီအကြာကြီး ကြည့်တာ
ဖုန်း အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ Screen ကနေ Blue Ray လို့ ခေါ်တဲ့ အပြာရောင်အလင်းတန်းတွေ အမြဲထွက်ပါတယ်။ ဒီအလင်းတန်းတွေဟာ လူတွေရဲ့ မျက်စိကို ညောင်းညာစေပြီး ဦးနှောက်ကို လေးလံစေတဲ့ အာနိသင်ဖြစ်စေပါတယ်။ ဒီတော့ အိပ်ကာနီးမှာမှ ဖုန်းသုံး၊ တီဗီအကြာကြီး ကြည့်မိလိုက်တယ်ဆိုရင် အမြင်အာရုံတွေက Blue Ray ကြောင့် ညောင်းကိုက်နေမှာဖြစ်သလို ကြွက်သားတွေဟာလည်း အိပ်နေတဲ့အချိန်တစ်လျှောက် မာတင်းနေမှုကြောင့် နှစ်ခြိုက်စွာအိပ်မပျော်သွားဘဲ ရိုးရိုးအိပ်ပျော်သွားရုံလောက်ပဲ ဖြစ်စေလို့ မနက်နိုးလာတာနဲ့ ဒီဒဏ်တွေကို ဦးဆုံးသိလာတာပါ။
၆။ စိတ်ညစ်စရာတွေ အိပ်ခန်းထဲကို သယ်လာခြင်း
အလုပ်ကို အလုပ်ဆင်းတဲ့အချိန်မှာ မထားခဲ့၊ ပြင်ပလောက က စိတ်ညစ်စရာ၊ တွေးစရာတွေကို အိပ်တဲ့အချိန်ထိ ယူလာပြီး တွေးနေတဲ့အခါ ဦးနှောက်အာရုံကြောစနစ်က လူနိုးနေတဲ့အချိန်ရော၊ အိပ်နေတဲ့အချိန်မှာပါ မသိစိတ်ထဲကနေ အလုပ်လုပ်နေရပါတယ် (ဒါကြောင့်လည်း အတွေးလွန်ပြီး အိပ်ပျော်သွားရင် ရောက်တတ်ရာရာ အိပ်မက်ဆိုးတွေ၊ ထူးထူးဆန်းဆန်းအိပ်မက်တွေ မက်တတ်တာပါ)။ ဒီတော့ မနက်နိုးလာရင် လူက လန်းဆန်းတက်ကြွမှုမရှိဘဲ ဦးနှောက်က ပင်ပန်းနေတဲ့အရှိန်က လူကိုသွားထိစေနိုင်တော့တာပေါ့။
အကောင်းဆုံးကတော့ ညကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ နေထိုင်စားသောက်မှုပုံစံတွေအနေနဲ့
- တစ်ရက်ကို ညအိပ်ချိန် ၇ နာရီရှိဖို့အပြင် စောစီးစွာ အိပ်စက်အနားယူပါ။
- အိပ်ချိန် အချိန်ဇယားတစ်ခုကို ပုံသေထားပါ။
- အိပ်ကာနီးမှာ ရေနွေးနွေးနဲ့ ချိုးပေးပါ သို့မဟုတ် ရေစိမ်ပေးပါ။
- အစာအာဟာရကို မျှတအောင် စားပါ။
- စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို အိပ်ခန်းအပြင်မှာပဲ ထားခဲ့ပါ။
- တီဗီကြည့်၊ ဖုန်းသုံးမယ့်အစား ယောဂကျင့်တာ၊ တရားထိုင်တာမျိုး လုပ်ပေးပါ။
- အိပ်ချိန်နဲ့ နီးကပ်မှ အစာစားတာမျိုးကို ရှောင်ပါ။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်